လူတံခွန်
တချိန်ကအလွမ်းတွေနဲ့ဖျားနေတဲ့ မိုးရာသီ
ရာသီအကူးမှာနှင်းတွေကဖွေးဖွေး
တချိန်ကမစဲဘူး ထင်ခဲ့တဲ့မိုးတွေ
ရွာနေပြန်ပြီကွာ။
ရုပ်ဝတ္ထုတွေကြီးစိုးတဲ့ခေတ်မှာ
မြန်မာရင်ဖုံးနဲ့ပါးကွက်ကြားယဉ်စစ
ဒါကိုပဲ မက်မောခဲ့မိတာပါ။
ရင်ဘတ်ထဲမြိုမိတဲ့မီးတောင်တစ်လုံးလေ
မထွေးနိုင်မအန်နိုင်၊မီးလည်းမငြိမ်းနိုင်
တစ်ခါတစ်ခါ မွန်းကျပ်လွန်းရင်
ပြာပူတွေပဲ ပင့်ရိုက်လွင့်ထုတ်မိတယ်။
နေညိုရင်အိပ်တန်းပြန်တဲ့ငှက်လေးတွေရေ
ငါ့ဘဝရဲ့နေညိုချိန်မှာ
မင်းတို့လိုအဖော်မစုံနိုင်တော့ဘူးကွ။
‘မိုးသဲရင်မောင့်ကိုအရမ်းလွမ်းတယ်’ ဆိုသူလေးရေ
ဒီရင်မှာ မိုးဥတု တစ်ခုပဲရှိတော့တာပါ
ကြာခဲ့ပါပြီ
အခါလွန်လည်းမစဲတော့မဲ့မိုးတွေ။
တချိန်ကအလိုက်သိမူ့တွေ
အသွင်ပြောင်းနေပုံများ
လူကိုအစိမ်းလိုက် ဝါးစားနေသလား ထင်ရ။
မင်းသတင်း၊မင်းနာမည် ကြားတိုင်း
လန့်လန့် နိုးတတ်တဲ့အကျင့်နဲ့
မှုန်ပြပြ ဒီအခန်းထဲ
အလွမ်းရင့်ရင့်တွေ ညှိပြီး
ညဉ့်နက်နက်တွေကို လင်းပစ်နေခဲ့မိတယ်။
ရာသီအလိုက် မပွင့်တတ်တဲ့ဒီရင်ဘတ်နဲ့
ဒေသအလိုက် အရောင်မပြောင်းတတ်မှု့
ဒီခေါက်ရိုးတွေ ဘဝကို အထပ်ထပ် တွန့်ချေ
ရှိပါစေတော့။
အချိုးအကွေ့တွေမှာ သစ္စာတရား ဆိုတာ
ဝန်ထုပ်ဝန်ပိုးတွေပဲ မဟုတ်လါး
ထားခဲ့ပါတော့၊ ထားလိုက်ပါတော့
မီးစာကုန် ဆီခန်းမှ ငြိမ်းမဲ့မီးတွေ။
ခြေရာထပ်ပြီး ဖုန်ထူခဲ့တဲ့လမ်းတွေ
ခြေရာဆိုတာကလည်း မြေပျော့စဉ်နင်းမိရင်
ဒဏ်ရာထင်တတ်မြဲ မဟုတ်လား ။
Subscribe to:
Posts (Atom)
No comments:
Post a Comment